ကော့သောင်း သြဂုတ် ၂၆
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူလတန်းလွန်ကျောင်း(အောင်သုခ)တွင် ယနေ့နံနက်ပိုင်းက ကျောင်း သား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာ ဗဟုသုတများရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး ခရိုင်ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများ၊ စာပေမှရရှိနိုင်သည့်အသိပညာ ဗဟုသုတများနှင့်စဉ်းစားတွေးခေါ်နိုင်မှုစွမ်းအားများကို ကျောင်းသား/ကျောင်းသူများ သိရှိနားလည်ကာ စာပေဖတ်ရှုမှု အလေ့အထများလူငယ်ထုအတွင်း ရှင်သန်လာရေးအသိပညာပေးဟောပြောခဲ့သည်။
ယင်းနောက် ကျောင်းသားလူငယ်များအား စာဖတ်စွမ်းရည်ပြိုင်ပွဲကိုကျင်းပပေးပြီး မိမိဖတ်ရှုခဲ့သည့် စာအုပ်မှ မိမိ၏နားလည်နိုင်မှု၊ ရရှိသည့်အသိပညာဗဟုသုတများကို ကောက်နုတ်ဆွေးနွေးစေခြင်းစသည့် စာဖတ်ရှိန်မြှင့်တင်လာရေးလုပ်ငန်းများကိုဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာတွင်သာမက အဖက်ဖက်တွင် ထူးချွန်သောကလေးများဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)