ဝေါမြို့နယ် ညောင်ကိုင်းကျေးရွာနှင့် ကဒွတ်ကျေးရွာတို့၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

ဝေါ  သြဂုတ်  ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့နံနံက်ပိုင်းက ညောင်ကိုင်းကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကဒွတ်ကျေးရွာ အရှေ့ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတို့တွင် ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟထွန်း က ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကဏ္ဍအလိုက် ပံ့ပိုးဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး၊ ရဲမှူးခင်မောင်စန်း က ကျေးလက်နေပြည်သူများ ရပ်ရွာလုံခြုံမှုရှိစေရန်၊ လုံခြုံးရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောသည်။ ယင်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်ခင်မာဦး၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးနိုင်၊ စက်မှုလယ်ယာဦးစီးဌာနမှ ဒုဦးစီးမှူး ဦးမြင့်ဇော်ဦး၊ ဆည်မြောင်းဦးစီးဌာမှ ဦးစီးအရာရှိ သန့်ဇင်အောင်၊ စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မိုးလွင် တို့က မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီးနောက် တောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သက်၍အသေးစိတ် လက်တွေ့သရုပ်ပြသပေးပြီး နည်းပညာဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တောင်သူကြီးများ၏ သိလိုသည်များကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ဒေသခံတောင်သူများအား မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခွာကွဲသတ္တဝါများအတွက် ယူရီးယာသကာလုံးပြုလုပ်နည်း၊ မေထုံမဲ့နွားသားဖောက်ခြင်း လက်တွေ့သရုပ်ပြသခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြက်သွန်ဖြူပိုးသတ်ဆေးပြုလုပ်နည်း၊ ငရုပ်သီးပိုးသတ်ဆေးရည် ပြုလုပ်နည်း၊ ဆေးရွက်ကြီးဆေးရည်ဖြင့် ပိုးသတ်ဆေးပြုလုပ်နည်း၊ သဘာဝမြေသြဇာပြုလုပ်နည်းပညာများအား သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)