ပြည် ဩဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်း၌ ယနေ့နံနက်ပိုင်း က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများ ကျင်းပပြုလုပ်သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများကျင်းပရာတွင်ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူး က တက်ရောက်လာသော ပြည်မြို့နယ် ဇီးအုပ်ကျေးရွာအုပ်စု၊ ရွှေမြောင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူကလေးများနှင့် ဆရာ၊ဆရာမများအား လူမှောင်ခိုနှင့် လူကုန်ကူးမှုအန္တရာယ်သိမှတ်ဖွယ်ရာအကြောင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေးဆွေးနွေးဟောပြောပြီး ဦးစီးအရာရှိ ဦးအောင်ကိုသန့် က အသိပညာဗဟုသုတများတိုးပွားရရှိရေး စာအုပ်စာပေများလေ့လာဖတ်ရှုကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးရာတွင် ကလေးများအား စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး စာဖတ်လိုစိတ်ရှိရေးနှင့် ပြင်ပဗဟုသုတများတိုးပွားရှိလာစေရေး အတွက် "စာဖတ်စွမ်းရည်ပြိုင်ပွဲ"၊ မြန်မာ့တိုင်းရင်းသားရိုးရာ စကားပုံများကိုသိရှိပြီး တန်ဖိုးထား၊ အလေးထားတတ်စေရန်အတွက် "စကားပုံဆက်ပြိုင်ပွဲ"၊ အရောင်ရွေးချယ်မှုမှန်ကန်စေရန်နှင့် ပတ်ဝန်းကျင်ရှိ သက်ရှိ၊ သက်မဲ့ အရာဝတ္ထများကို စိတ်ဝင်တစား သတိပြုတတ်လာစေရန်အတွက် "ဆေးရောင်ခြယ်ပြိုင်ပွဲ" အစရှိသည့် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပပေးခဲ့ပြီး စာကြည့်တိုက်မှူး ဒုတိယဦးစီးမှူး ဒေါ်နီလာခိုင် က "ဂုလီနှင့်ဂုလာ" ဂျပန်ဘာသာပြန် ရုပ်ပြပုံပြင်စာအုပ်ဖြင့် ကလေးများစိတ်ဝင်စားဖွယ် ပုံပြင်ဖတ်ပြပေးခဲ့သည်။
ဆက်လက်၍ ကလေးများပျော်ရွှင်စေရန်အတွက် တစ်ဦးချင်းကာယစွမ်းရည်ကစားနည်းဖြစ်သော ဘိုးလင်းပစ်ပြိုင်ပွဲအပါအဝင် အသင်းအဖွဲ့ဖြင့် ပူးပေါင်းပါဝင်ကစားရသော ပူဖောင်းသယ်ကစားနည်း၊ သရေကွင်းသယ်ကစားနည်းနှင့် ပါဆယ်ဂိမ်းကစားနည်းတို့ကို ကျင်းပပေးခဲ့ပြီး ပြိုင်ပွဲများအလိုက် ဆုရရှိသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကလေးများအတွက် အားဖြည့်အချိုရည်၊ စားသောက်ဖွယ်ရာများနှင့် ကျောင်းသုံးဗလာစာအုပ်များ ဝေငှပေးခဲ့ကြသည်။
ထို့နောက် ကလေးများက ခင်းကျင်းပြသထားသော သဘာဝဘေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်သိမှတ်ဖွယ် အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသကလေးစာပေ စာအုပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုကြပြီး ကလေးများဖတ်ရှု လေ့လာရန်အတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးက ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းမှ ကလေးဖတ် စာအုပ်စာပေ (၅၀)အုပ်ကို တာဝန်ခံဆရာမများထံ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)