အုတ်တွင်း သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဂွေးတောက်ခင်ကျေးရွာအုပ်စု၊ အရှေ့ဇီးကုန်းကျေးရွာ၌ အသိပညာပေးကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အုတ်တွင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီ က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်သည့်အကြောင်းအရာများ ဆွေးနွေးပေးခဲ့ပြီး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦးက ဆီထွက်သီးနှံသီးညှပ် နေကြာတိုးချဲ့စိုက်ပျိုးရေး၊ ကန်ထရိုက်လယ်ယာစနစ်ဖြင့် သုံးသီးစိုက်ပျိုးမည့် အစီအစဉ်နှင့် မျိုးကောင်းမျိုးသန့်များ သုံးစွဲစေရေးအသိပညာပေးဆွေးနွေးကာ တောင်သူများအတွက် သဘာဝဓါတ်မြေဩဇာ ရွက်ဖျန်းအားဆေးအဖြင့် ငါးအမိုင်နိုအက်ဆစ်ပြုလုပ်နည်းအား လက်တွေ့ပြုလုပ်ပြသပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အုတ်တွင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းနိုင် က စက်မှုလက်ယာကဏ္ဍာနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ဆည်မြောင်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ ဦးသိန်းတန် က စိုက်ပျိုးရေရရှိရေးအကြောင်းအရာများ သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးမှ အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်သော တောင်သူများက သိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်းနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ ထုတ်ဝေသောအသိပညာပေး လက်ကမ်းစာစောင်များကို တောင်သူများထံ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)