ပေါက်ခေါင်း ဩဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံ နှမ်း၊ မြေပဲနှင့် နေကြာအဓိကစိုက်ပျိုးသည့် ဒေသခံတောင်သူများအား မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ က ပေါက်ခေါင်းမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဇော် က မြစိမ်းရောင်စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိသည့် ကျေးရွာများရှိဒေသခံတောင်သူများအား မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေများ ထုတ်ချေးပေးမည်ဖြစ်ကြောင်းနှင့် ထုတ်ချေးပေးရာတွင် နေကြာအဓိကစိုက်ပျိုးသည့် တောင်သူများနှင့်သီးညှပ်စိုက်ပျိုးသည့် တောင်သူများအား စိုက်ပျိုးနိုင်သည့် ဧကအပေါ်မူတည်၍ ထုတ်ချေးပေးမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် နေကြာအဓိကထား စိုက်ပျိုးမည့် ချောင်းကျိုးကျေးရွာ၊ ဂွေးပင်ခုန်ကျေးရွာနှင့် ဝက်တိုး(မ)ကျေးရွာတို့မှ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)