ဖြူး ဩဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အကြပ်အင်းကျေးရွာအုပ်စု၊ အကြပ်အင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းကျန်းမာရေးဟောပြောပွဲအဖြစ် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ဖြူးမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုတင်(၁၀၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာအာကာ ဦးဆောင်ကာ ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသော ခြင်များပေါက်ပွားမှု မရှိနိုင်ရေး ကာကွယ်ထားရှိရေးအတွက် တက်ရောက် လာကြသော ကျောင်းသား/ကျောင်းသူများအား မိုးရာသီကာလ၌ ပေါက်ပွားမှုများပြီး အသက်အရွယ် မရွေး ခြင်ကိုက်ခံရပါက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား၍ အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွား နိုင်ကြောင်း၊ ထို့ကြောင့် ခြင်ကိုက်မခံရအောင်နေထိုင်ရမှာ ဖြစ်ကြောင်း၊ ခြင်ပေါက်ပွားမှုမရှိရေး မိုးရေတင်ကျန်နိုင်သည့် ခြံစည်းရိုး ဝါးတိုင်နှင့် သစ်ပင်အခေါင်းပေါက်များ၊ ဖော့/ပလပ်စတစ်ဗူးခွံများ၊ အိုးခွက်၊ ပန်းကန်ခွက်များ၊ တာယာဟောင်းများ ရှင်းလင်းခြင်းများသည် ထိရောက်စွာ ခြင်ပေါက်ပွားမှုကို တားဆီးကာကွယ်နိုင်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ အနေဖြင့်ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ သုံးရေအိုး စသည်များအား ဖုံး၊ သွန်၊ လဲ၊စစ် လုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)