ထားဝယ် သြဂုတ် ၂၅
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှုထမ်း၊ အရာထမ်းများ ဗီဒီယိုရိုက်ကူးခြင်းကို မဖြစ်မနေတတ်သိနားလည်ထားရန် လိုအပ်သည့်အတွက် Video Editing ရိုက်ကူး တည်းဖြတ်နည်းသင်တန်းကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက မိမိတို့ဝန်ကြီးဌာန၏ အဓိကတာဝန်တွင် ပြည်သူကိုသတင်းများ ပြန်ကြားပေးရမည့် တာဝန်ပါရှိပါကြောင်း၊ ဝန်ကြီးဌာနက ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် လူမှုမီဒီယာများမှ သတင်းများ ထုတ်ပြန်ဖော်ပြပေးလျက်ရှိပြီး သတင်းစာတွင်လည်း သတင်းများ ထုတ်ပြန်ဖော်ပြပေးလျက် ရှိပါကြောင်း၊ ယနေ့ခေတ်တွင် ပြည်သူများ၏ သတင်းရယူသုံးစွဲမှုပုံစံသည် ပြောင်းလဲလာပါကြောင်း၊ ယနေ့ခေတ်တွင် အများစုသည် မိုဘိုင်းဖုန်းများမှတစ်ဆင့် သတင်းများကို ဖတ်ရှုကြကြောင်း၊ ပြောင်းလဲ လာသည့် သတင်းစီးဆင်းမှုအရ ပြည်သူအများစု အသုံးပြုသည့် လူမှုမီဒီယာ၊ အွန်လိုင်းမီဒီယာများတွင် သတင်းများအား ဖော်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗီဒီယိုသတင်းများကို ရိုက်ကူးပေးပို့နိုင်ရန် ယနေ့ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သတင်းရိုက်ကူးရာတွင် ဌာနကချမှတ်ထားသည့် Media Engagement Plan နှင့်အညီ ရိုက်ကူးရန်ဖြစ်ကြောင်း၊ သတင်းများအပြင် ပြည်သူများ စိတ်ဝင်စားမှု ရှိသည့် အကြောင်းအရာများ၊ ဒေသအလိုက်ဓလေ့ထုံးစံများ၊ ပွဲတော်များ စသည်တို့ကိုလည်း ရိုက်ကူးပေးပို့စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဗီဒီယိုတည်းဖြတ်နည်းများကို ဦးစီးအရာရှိ ဦးနိုင်ဝင်းနှင့် ဓာတ်ပုံကျွမ်းကျင်-၂ ဦးကျော်ကျော်လတ်တို့က မြို့နယ်၊ မြို့ရုံးများမှ အမှုထမ်းများအား ဗီဒီယိုရိုက်ကူးခြင်း၊ တည်းဖြတ် ခြင်းများကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)