နတ်တလင်း သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ အသက် ၆ လမှ ၅ နှစ်အရွယ်အတွင်း ကလေးငယ်များကို ဗီတာမင် A နှင့် သန်ချဆေးများ တိုက်ကျွေးပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ဇီးကုန်းလေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် တိုက်ကျွေးပေးလျက်ရှိသည်။
ထိုသို့ဗီတာမင် A နှင့် သန်ချဆေးများ တိုက်ကျွေးပေးရာတွင် အသက် ၆ လမှ ၂ နှစ်အရွယ်ထိ ကလေးငယ်များကို ဗီတာမင် A ဆေးတစ်မျိုးသာ တိုက်ကျွေးပေးပြီး၊ အသက် ၂ နှစ်မှ ၅ နှစ်အထိ ကလေးငယ်များကို ဗီတာမင် A နှင့် သန်ချဆေးနှစ်မျိုးလုံးကို တိုက်ကျွေးပေးခဲ့သည်။
အဆိုပါဆေးများ တိုက်ကျွေးပေးရာသို့ ကလေးမိဘများမှ ကလေးမွေးစာရင်း မူရင်းစာရွက်ကို တစ်ပါတည်း ယူဆောင်လာရပြီး၊ နောက်ရက်များတွင်လည်း ကျန်ရှိနေသည့် ရပ်ကွက်များသို့ ဆက်လက်တိုက်ကျွေးပေးမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး