မုံရွာ ဩဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်ကျင်ထိန်းသိမ်းရေးဌာနတို့ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင် အကြောင်းသိရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ မှန်လုံအိမ် ဓာတ်ငွေ့အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက ပြည်သူများ အသိပညာဗဟုသုတ မြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေဇင်စိုးက မှန်လုံအိမ်ဓာတ်ငွေ့အကြောင်း သိကောင်းစရာများကို အသေးစိတ်ရှင်းလင်းပြောကြားရာတွင် ယနေ့ကမ္ဘာကြီး၏ ပြဿနာတစ်ခုဖြစ်သော ရာသီဥတု ပြောင်းလဲမှုသည် ကမ္ဘာကြီးပူနွေးမှုကြောင့်ဖြစ်ရာ ကမ္ဘာကြီးပူနွေးမှုဖြစ်စေသော မှန်လုံအိမ် ဓာတ်ငွေ့လျှော့ချနိုင်ရန်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်စုပ်ယူသော အပင်များစိုက်ပျိုးရန်နှင့် ထင်း၊မီးသွေးကဲ့သို့ ကာဗွန်ထုတ်လုပ်မှုများသည့်အရာများကို အတတ်နိုင်ဆုံးရှောင်ရှားရန်၊ ကလိုရင်း၊ ဗရိုမင်းပါဝင်သော ပစ္စည်းများကို စနစ်တကျသုံးစွဲရန်၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သည့် နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ရေအားစွမ်းအင်၊ ဇီဝလောင်စာ၊ ဘူမိအပူစွမ်းအင်နှင့် အဏုမြူစွမ်းအင်တို့ကို အသုံးပြုခြင်းအားဖြင့် မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချနိုင်မည်ဖြစ်ကြောင်းစသည့် ပြည်သူများသိသင့်သိထိုက်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာ နှင့် ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များ၊ စာရေးဆရာများကိုဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်စီစဉ် ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)