ကန်ကြီးထောင့်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုင်းဒေသကြီးဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကန်ကြီးထောင့် သြဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်အတွင်း ဆောင်ရွတ်လျက်ရှိသော ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာအား ခေတ်မီစံပြကျေးရွာ (Smart Village) အဖြစ် အကောင်အထည်ဖော် ဆောင်ရွတ်နေမှုလုပ်ငန်းများအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ယနေ့ နံနက် ပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်မှ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာအား ခေတ်မီစံပြကျေးရွာ အကောင်အထည်ဖော် ဆောင်ရွတ်နေမှု လုပ်ငန်းများဖြစ်သည့် ဘက်စုံသုံးခန်းမ ဆောက်လုပ်မည့် မြေနေရာ၊ ကျေးရွာတွင်းလမ်းခင်း ကျင်းမှုအခြေအနေများ၊ ရွာတွင်းလမ်းဘေးရေမြောင်း တူးဖော်နေမှု အခြေအနေများ၊ ရေစင်ဆောက်လုပ်မည့်မြေ နေရာများ၊ စာသင်ကျောင်းတွင်းရေသန့်စက် ဆောက်လုပ်ထားရှိမှု အခြေအနေများနှင့် ကျေးရွာအတွင်း ဝက်မွေးမြူရေး လုပ်ငန်းလုပ်ကိုင် ဆောင်ရွတ်ထားရှိမှုများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ အနောက်စုကြီးကျေးရွာရှိ တောင်သူဦးနေစိုး၏ စံပြစပါးစိုက်ခင်း စိုက်ပျိုးထားရှိမှုအားလည်းကောင်း၊ ကျုံကြီးကျေးရွာအုပ်စု ညောင်ချောင်းကျေးရွာရှိ ဦးခင်အောင်ပိုင်ဆိုင်သော ဘဲမွေးမြူရေးခြံအား သွားရောက်၍ ဘဲမွေးမြူထားရှိမှုနှင့် ဘဲဥဖြန့်ဖြူးရောင်းချမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် မြင်းကဆိပ်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၅)မှ ပမ္မဝတီတံတား (မြင်းကဆိပ်) တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

မဇင် (ပြန်/ဆက်)