သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျမိုင်းကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ချေးငွေပြန်လည်ထုတ်ပေး

သံတောင်ကြီး ဩဂုတ် ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေလွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျမိုင်းကျေးရွာ ဘုရားကျောင်းခန်းမတွင်  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက နိုင်ငံတော်၏ (ကိုယ်ဗစ်-၁၉) စီးပွားရေးကုစားမှုအစီအစဉ်ကို အထောက်အကူပြုစေရန်၊ လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေး အ

ရင်းအနှီးများ ရရှိစေရန်၊ ရရှိသောငွေကြေးအရင်းအနှီးဖြင့် မိသားစုဝင်ငွေ တိုးပွားအောင်လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ တိုးပွားလာသောရန်ပုံငွေဖြင့် ကျေးရွာများ ပိုင်ဆိုင်သော မတည်ရန်ပုံငွေထူထောင်၍ စဉ်ဆက်မပြတ် ငွေကြေးအရင်းအနှီးရရှိစေရန်အတွက် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ   ကမိုင်းကျေးရွာမတည်ရန်ပုံငွေ   စီမံကိန်း (VRFP) ချေးငွေများ   ပြန်လည်ထုတ်ပေးရာတွင်စိုက်ပျိုးရေးလုပ်ကိုင်သူ (၈) ဦးအတွက်  ငွေကျပ် (၄၁) သိန်း၊  မွေးမြူရေး လုပ်ကိုင်သူ (၃) ဦးအတွက်  ငွေကျပ် (၁၄) သိန်း၊   အရောင်းအဝယ်လုပ်ကိုင်သူ(၂၂)ဦး အတွက်  ငွေကျပ် (၁၄၅) သိန်းဖြစ်ပြီး   ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) တတိယစက်ဝန်းအတွက် ချေးငွေစုစုပေါင်းငွေကျပ် သိန်း (၂၀၀) ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ