တမူး သြဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္တ ဝါစကပဏ္ဍိတ ဘဒ္ဒန္တပညိန္ဒ၏ (၁)နှစ်ပြည့်အထိမ်းအမှတ် ကုသိုလ်ပြုပွဲနှင့် ရုပ်ထုပူဇော်ပွဲ အခမ်းအနားကို သြဂုတ်လ(၂၅)ရက်နေ့ နံနက်(၉) နာရီအချိန်က ဂဏပါမောက္ခ ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသည့် သံဃာတော်အရှင်သူမြတ်များနှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ် အပေါင်းတို့မှ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးသံဃဝန်ဆောင်၊ အေးချမ်းဝေစည်ကျောင်းတိုက် ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များ ထံမှပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး တက်ရောက်လာကြသည့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များ၊ အလှူရှင်များမှ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်ခဲ့ကြရာ လှူဒါန်းမှူ အစုစုတို့အတွက် ရေစက်ချ တရားနာယူကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသါသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ထို့နောက် အခမ်းအနားသို့ ကြွရောက်လာကြသည့် မြို့နယ်အတွင်းရှိ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းကပ် လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ် အပေါင်းတို့အား ထမင်းဟင်းလျာ စတုဒီတာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ရတနာ (ပြန်/ဆက်)