ကသာ ဩဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်၌ အသက် ၁၈ နှစ်အထက်နှင့် ဦးတည်အုပ်စုတွင် အကျုံးဝင်သည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက မြို့တော်ခန်းမတွင် စုရပ်ထားရှိကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကသာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်ထိုးနှံပေးခဲ့ရာ ဩဂုတ်လ ၂၅ ရက်နေ့တွင် သတ်မှတ်စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးနှံပြီးစီးသူ ကျောင်းသား၊ ကျောင်းသူ ပထမအကြိမ် ၄၈၉၀ ဦး၊ ဒုတိယအကြိမ် ၄၀၂၃ ဦး၊ (၅ နှစ်မှ ၁၂)နှစ်အထိ ကလေးငယ်ပေါင်း ၅၄၁၇ ဦး၊ ဒေသခံပြည်သူ ပထမအကြိမ် ၆၂၀၄၇ ဦး၊ ဒုတိယအကြိမ် ၄၂၉၄၃ ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးရန်လာရောက်သည့် အသက် ၁၈ နှစ်အထက်နှင့် ဦးတည်အုပ်စု အကျုံးဝင်သည့်ပြည်သူများအား စာရင်းပြုစုခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ကာ ပုံမှန်အခြေအနေရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့် အနားယူစေခြင်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောက်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံနေမှုများကို ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီစနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စာ(ကသာ)