ဒေးဒရဲမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက မုန်တိုင်းဘေး တုံ့ပြန်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ (Table-Top-Exercise) ဆောင်ရွက်

ဒေးဒရဲ သြဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက မြို့နယ်အတွင်းတွင် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ထိရောက်သော လူသားချင်းစာနာမှု အကူအညီပေးရန်နှင့် အရေးပေါ် တုန့်ပြန်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ မုန်တိုင်းဘေး တုံ့ပြန်ရေးဆိုင်ရာ (Table-Top-Exercise)နှင့် ပြည်သူလူထု ပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မုန်တိုင်းဘေးနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် သဘာဝဘေး ကြိုတင်ပြင်ဆင်မှု၊ တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပိုမိုကောင်းမွန်စေရေးအတွက် မုန်တိုင်းဘေး တုံ့ပြန်ရေးဆိုင်ရာ (Table-Top-Exercise) စကားဝိုင်းနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရေး ကျင်းပခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးက ဘဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်ဝင်းစိုးက သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး  အင်အား(၃၅)ဦး စုဖွဲ့ထားရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများ စုဖွဲ့ထားရှိမှုအခြေအနေနှင့် တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများက အရေးပေါ် ရိက္ခာများ ဖြစ်သည့်ဆေးဝါး၊ ဆန်၊ ဆီပစ္စည်းများ၊ အရေးပေါ်နားခိုရာနေရာများနှင့် သက်ကယ်အင်္ကျီ၊ ဘောကွင်း၊ သက်ကယ်လှေများ၊ စက်တပ်ရေယာဉ်များ စီမံထားရှိမှုများကို ပေါင်းစပ်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

အေဇာလင်း