ကြာအင်းဆိပ်ကြီး ဩဂုတ် ၂၅
ကလေးအလုပ်သမားများ ပပျောက်ရေးအတွက် ပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းနိုင်စေရေးနှင့် အလုပ်လုပ်သော ကလေးများအနေဖြင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ယူရေးတိုက်တွန်းပေးနိုင်စေရေးအတွက် ကလေးအလုပ်သမားများနှင့်ပတ်သက်သည့် ရပိုင်ခွင့်အခွင့်အရေးများ ဥပဒေ ပြဋ္ဌာန်းချက်များအား မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလာနိုင်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲ ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲတွင် အဆိုပါ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်က ဆွေးနွေးပွဲများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် Talk Show ဆွေးနွေးပွဲအားဆက်လက်ပြုလုပ်ရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဆရာမဒေါ်နန်းညွန့်ညွန့်ဆွေက ဆွေးနွေးရာ အလုပ်ခန့်မည့်ကလေးများသည် အသက် (၁၄) နှစ်ပြည့်ပြီးရမည်ဖြစ်ကြောင်း ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ပဒေ၊ ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေများဖြစ်သည့် ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ ကလေးအလုပ်သမားများ ပပျောက်ရေးရည်မှန်းချက် (၃)ရပ်နှင့် ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ် စသည်များအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောကြားကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လစဉ် စဉ်ဆက်မပြတ် ပြုလုပ်ကျင်းပဆောင်ရွက်ပေးလျက်ရှိသည့် အဆိုပါ Talk Show ဆွေးနွေးပွဲများအား မိဘပြည်သူများအနေဖြင့် Welove Kyarin Seikkyi Facebook Page စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရ သည်။
မျိုးမင်းဦး(ပြန်/ဆက်)