ပေါင်းတည်မြို့နယ် အေးချမ်းသာယာမင်္ဂလာကန်တော်အတွင်း ရေဖောင်တော်ချမင်္ဂလာပြုလုပ်

ပေါင်းတည် စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် မင်းကွက်(၃)ရပ်ကွက် ရွှေတောင်လမ်း ရန်ကုန်-ပြည် ကားလမ်းမဘေးရှိ အေးချမ်းသာယာကန်တော်မင်္ဂလာအတွင်းတွင် အလှူရှင်များ လှူဒါန်းမှုဖြင့် ၁၈ ပေ ပတ်လည် အကျယ်အဝန်းရှိ ရေဖောင်တော်ပေါ်တွင် အကျယ် ၈ ပေပတ်လည် ၆​ ပေအမြင့်ရှိ စံကျောင်း ဆောင်တော်မြတ်ပေါ်တွင် မန္တလေး မဟာမြတ်မုနိပုံတူ ကြေးဆင်းတုရုပ်ပွားတော်တစ်ဆူနှင့် ရှင်ဥပဂုတ္တ မထေရ်မြတ် ရှင်သီဝလိရဟန္တာမထေရ်မြတ်ကြီးတို့ကို ပင့်ဆောင်၍ ဒေသခံပြည်သူများ ကြည်ညိုပူဇော် ကန်တော့ခံနိုင်ရန်အတွက် ထားရှိသွားမည်ဖြစ်သည်။

ယနေ့ နံနက် ၁၁ နာရီက ရေဖောင်တော်တင် မော်တော်ယာဉ်များ ရောက်ရှိလာရာ ဖောင်တော်ချမ င်္ဂလာအခမ်းအနားအား စတင်ဆောင်ရွက်ကြသည်။ အခမ်းအနားဆောင်ရွက်ရာနေရာသို့ ပေါင်းတည် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်မင်းက အနီးကပ်ကြီးကြပ်၍ မြို့မိမြို့ဖများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းနှင့်အဖွဲ့ဝင်များ၊ အကျိုးတော်ဆောင်များ၊ ရဲတပ်ဖွဲ့များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အတွင်း ပြည်သူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖောင်တော်တင်လာသည့် မော်တော်ယာဉ်ပေါ်မှ ရေကန်အတွင်းသို့ ဖောင်တော်ချခြင်း မင်္ဂလာ အား စတင်ပြုလုပ်ကျင်းပရာ အလှူရှင်မိသားစုနှင့် ဒေသခံပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)