ဖျာပုံ သြဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစား နှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲ အချိန်က ဖျာပုံမြို့ အမှတ်(၁၉) ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က လူငယ်ဘဝ ပညာသင်အရွယ်မှစပြီး မိမိဝါသနာ ပါရာ ရည်မှန်းချက်ကို ဆန္ဒအဓိကထားပြီး ကြိုးစားကြစေလိုကြောင်း၊ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေး၊ စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများနှင့် ထူးချွန် ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေသော စာပေများကိုလည်း လေ့လာဖို့လိုကြောင်း အသိပညာပေးဟောပြောပြီး ဖျာပုံမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်စုမြတ်သဲက အားကစားနှင့်အနာဂတ်လူငယ်များဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာများတွင် လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစား ကဏ္ဍ အထူးလေ့လာလိုက်စားစေလိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက် သော အားကစားသမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ အချိန်ကို အကျိုးရှိရှိ အသုံးချ ကြစေလိုပါကြောင်း အသိပညာပေး ဟောပြောသည်။ ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အလက-၂ ကျောင်းအတွက် အားကစားပစ္စည်းများအား ဖျာပုံ မြို့နယ် အားကစားမှူးက ပေးအပ်ရာ အလက-၂ ကျောင်းအုပ်ဆရာမကြီးက လက်ခံ ရယူခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)