အောင်လံ ဩဂုတ် ၂၅
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ ပြည်သူ့စာကြည့်တိုက်၌ လူငယ်များအသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူတတ်စေရန်၊ လူငယ်များ ငယ်စဉ်ကပင် စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန့်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာအုပ်စာစောင်ပြပွဲတွင် တရော်ကုန်း-၂ (အ.မ.က) ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ရုံးချုပ်မှပေးပို့သည့် သုတစာအုပ်များ၊ ကလေးများ ကြိုက်နှစ်သက်သည့် ရွှေသွေးဂျာနယ်၊ မိုးသောက်ပန်ဂျာနယ်များ၊ ကလေးပုံပြင်များ၊ ကာတွန်းများ၊ ကလေးကဗျာများ စသည့် စာအုပ်စာစောင်များကို ခင်းကျင်းပြသပြီး “ဗဟုသုတကြွယ်ဝဖို့ စာကြည့်တိုက်ကို သွားကြစို့” ခေါင်းစဉ်ဖြင့် စာရေးဆရာ ဦးအောင်သင်း၏ စာဖတ်တယ်ဆိုတာ၊ ပညာသင်ပါစာဖတ်ပါ၊ စာဖတ်ခြင်းကြောင့် စိတ်ကိုခွန်အား ဖြစ်စေတယ်၊ တိုးတက်သော လူမျိုးတိုင်း စာဖတ်၍ စာဖတ်သောလူမျိုးတိုင်း တိုးတက်သည် စသည့်စိတ်ခွန်အားဖြည့် ဆောင်ပုဒ်များ ပါဝင်သည့် နံရံကပ်စာစောင်များကို အောင်လံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)