ပွင့်ဖြူ ဩဂုတ် ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများနှင့် မွေးကင်းစကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး အသိပညာပေးခြင်းလုပ်ငန်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ပွင့်ဖြူမြို့ပေါ်ရှိ အခြေခံပညာအထက်တန်း၊ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း(၂)ကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားဆောင်ရွက်ရန် အချက်များကို အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ကြသည်။ ထို့နောက် စာသင်ကျောင်းဆောင်များနှင့် စာသင်ကျောင်းဝန်းအတွင်း ၊ အပြင်ရှိ ခြင်ခိုအောင်နိုင်သော နေရာများကို သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကင်းဝေးစေရန် ခြင်နိုင်ဆေးများ စနစ်တကျ ပက်ဖျန်းပေးခဲ့ပြီး စာသင်ကျောင်းများရှိ ရေလှောင်ကန်များတွင် ခြင်၊ ပိုးလောက်လန်း မပေါက်ပွားစေရေး အဘိတ်ဆေးခပ်ခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများကို သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းနှင့် ခြင်/ပိုးလောက်လန်းနှိမ်းနင်းရေး အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)