ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်

ရှမ်းရွာသစ်   ဩဂုတ် ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများနှင့် ကျောင်းသား/သူ များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုစနစ်ဖြင့် စာအုပ်စာစောင်များကိုအခမဲ့ငှားရမ်းဆောင်ရွက် zပေးလျက်ရှိရာ ယနေ့နံနက်တွင် အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းသို့ စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းရာတွင် မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးမှ စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ကျောင်း သား/သူများ အားလပ်ချိန်တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတ စာပေများကိုဖတ်ရှုတတ်သည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုခြင်းဖြင့် စာပေ၏ အကျိုးကျေးဇူးများအကြောင်းသိရှိစေရန်၊ စာအုပ်စာစောင်များ၊ လူငယ်အသိ ပညာပေးများ၊ စိတ်ဓာတ်ခွန် အားဖြစ်စေသော စာပေများ၊ ဗဟုသုတဖြစ်စေသော စာအုပ်၊ စာစောင်များကို ဖတ်ရှုလေ့လာခြင်းဖြင့် စာဖတ်စွမ်းရည်များမြှင့်မားလာစေရန်နှင့် စာပေချစ်မြတ်နိုးသူများ ဖြစ်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် မူလတန်းအောက်ဆင့် ကျောင်းသား/သူများကို တိုင်းရင်းသား ရုပ်ပုံပြစာအုပ်ပါ ကလေးများစိတ်ဝင်စားဖွယ်ပုံပြင်များကို ပြောပြခြင်း၊ မိမိတို့သဘောပေါက်နားလည်သမျှ ထပ်ဆင့်ပြန်လည် မျှဝေပြောပြစေခြင်းနှင့် တိုင်းရင်းသားရုပ်ပုံပြပုံပြင်စာအုပ်များကို အခမဲ့ငှားရမ်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီးနယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို လစဉ်တစ်လလျှင် (၄)ကြိမ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)