ကော့သောင်းမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေး

ကော့သောင်း ဩဂုတ် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ကော့သောင်းခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ကြီးကြပ်ကာ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်၊ သဲတန်းဈေးအရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံး စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ  လူတစ်ဦး လျှင် စားအုန်းဆီတစ်ပိဿာကို (၄၆၀၀) ကျပ်နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေး Moblie ကားဖြင့် လိုက်လံရောင်းချပေးခြင်းဖြစ်သည်။

အလားတူ ရောင်းချခြင်းကို  ကားများဖြင့်လှည့်လည်၍ ရပ်ကွက်ပြည်သူများ လက်ဝယ်အရောက် ဆက်လက်ရောင်းချပေးရန် အစီအစဉ်များရှိကြောင်း မိဘပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်များသို့လည်း  လှည့်လည်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ကော့သောင်းခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

ကျော်စိုး (ကော့သောင်း)