ရေဦးမြို့နယ် ဉာဏရောင်ခြည် ပရဟိတမျက်မမြင်ပညာသင်ကျောင်းသို့ ငွေကျပ် ၁၅ သိန်းလှူဒါန်း

ရေဦး စက်တင်ဘာ  ၁၃ 

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် မဲအိုးကျေးရွာ ဉာဏရောင်ခြည် ပရဟိတ  မျက်မမြင် ပညာသင် ကျောင်းတွင် ယမန်နေ့ညနေပိုင်းက ရေဦးမြို့ အောင်ချမ်းသာရပ်ကွက်  ဦးမြဟန် + ဒေါ်အေးပန် သမီး မခင်တင့် မိသားစုတို့က  ကျောင်းအုပ်ကြီး ဦးထွန်းနိုင်ထံသို့ ငွေကျပ် ၁၅ သိန်း  ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

အလှူငွေထောက်ပံ့ရခြင်းနှင့်ပတ်သက်၍ “ကျွန်မအခုလို ငွေလှူဒါန်းရတာက  ကမ္ဘာ့ကပ်ရောဂါ တစ်ခု ဖြစ်တဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါဟာ  မြန်မာနိုင်ငံတွင်းမှာ  ကူးစက်မှုနှုန်း  များပြားလာနေပြီဖြစ်တဲ့ အတွက်  ဉာဏကိုအားကိုးပြီး  ရပ်တည်နေကြရတဲ့  ဒီကျောင်းက အယောက် ၃၀ ဦးခန့်ရှိတယ်လို့ သိရရ တယ်၊  အခက်အခဲ ဖြစ်နေမယ် ဆိုတာ သေချာတယ်၊  သာမန် အခြေအနေတောင်  ရပ်တည်ဖို့  ခက်ခဲစွာ ရုန်းထနေကြရတယ်   ဆိုတော့ ခုလက်ရှိ အခြေအနေက   ကူးစက်ရောဂါ  ထိန်းချုပ်ရေးကာလ  အသွား အလာကန့်သတ်တာတွေရှိတယ်၊  သူတို့လေးတွေအပေါ် စာနာစိတ်‌လေးဖြစ်မိပြီး ကျောင်းအတွက် လိုအပ်တဲ့ ပညာသင်ကြားရေး အထောက်အကူပြုပစ္စည်းများ ၀ယ်ယူနိုင်ရန်၊ စား၀တ်နေရေးနှင့်  ကျန်းမာရေးအတွက် လိုအပ်သည့် ကာကွယ်ရေးပစ္စည်းများ ၀ယ်ယူနိုင်ရန်အတွက် ထောက်ပံ့ငွေများ လှူဒါန်းရခြင်းဖြစ်ပါတယ်" ဟု​အလှူရှင်မိသားစု၀င်တစ်ဦးက  ပြောကြားခဲ့သည်။

အလှူငွေများ လာရောက်ထောက်ပံ့လှူဒါန်းကြသည့်  အလှူရှင်မိသားစုတို့အတွက်  ဉာဏရောင်ခြည် ပရဟိတမျက်မြင်ပညာသင်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးထွန်းနိုင်နှင့် ကျောင်းသားများက ကျေးဇူးတင်ရှိကြောင်း၊ မေတ္တာပို့ ဆုတောင်းပေးခဲ့ကြကြောင်း သိရသည်။

သန်းထိုက်(ရေဦး)