ထီးလင်း စက်တင်ဘာ ၁၃
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်တားဆီးနိုင်ရေး အတွက် နှာခေါင်းစည်း(Mask) မတပ်ဆင်ဘဲ မြို့တွင်း ဖြတ်သန်း သွားလာသူများအား စစ်ဆေးအရေးယူမှုများပြုလုပ်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲက ဂန့်ဂေါခရိုင် ထီးလင်းမြို့ ယောရွှေပြည် ကားဂိတ်နေရာ၌ပြုလုပ် ဆောင်ရွက် သည်။
ယင်းသို့စစ်ဆေး အရေးယူမှုများ ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုနှင့်အတူ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့တွင်းဖြတ်သန်းသွားလာနေကြသော ယာဉ်ကြီး/ ယာဉ်ငယ်များ၊ ရပ်ကွက်နေ ပြည်သူများနှင့် ခရီးသွားပြည်သူများအား နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ ဖြတ်သန်းသွားလာပါက ဒဏ်ငွေ ဆောင်စေကာ နှာခေါင်းစည်း (Mask)များ ချက်ချင်း တပ်ဆင် ဆောင်ရွက်ပေးခဲ့ကြသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား အလေးထား လိုက်နာဆောင်ရွက်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ် တားဆီးနိုင်ရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်း(Mask)တပ်ဆင် သွားလာရေး ထီးလင်းမြို့တွင် စဉ်ဆက်မပြတ် စစ်ဆေး အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)