ဇီးကုန်းမြို့နယ်တွင် ပဲတီစိမ်းစိုက်တောင်သူများအား နိုင်ငံတော်ပံ့ပိုးငွေ Contract Farming (CF) စနစ်ဖြင့် စိုက်ပျိုးမည့်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဇီးကုန်း ဩဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးတို့အတွက် ပဲတီစိမ်းစိုက်တောင်သူများအား နိုင်ငံတော်ပံ့ပိုးငွေ Contract Farming (CF) စနစ်ဖြင့် စိုက်ပျိုးမည့်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကား ပြောကြာရာတွင် "မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်လုပ်မှုများ တိုးတက်ရေးများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခင်နှစ်က ဆောင်းသီးနှံပဲတီစိမ်း လျာထားဧက(၆၄၂)မှ အမှန်တကယ်စိုက်ဧက(၁၅၉၉၂)ဧက တိုးတက်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုအခါ နိုင်ငံတော်မှပံ့ပိုးမှု (CF)စနစ်ဖြင့် တောင်သူများအား ပဲတီစိမ်းစိုက်တစ်ဧကလျင် ငွေကျပ်(၁.၂)သိန်း၊ အတိုး တစ်ရာခိုင်နှုန်းဖြင့် ပံ့ပိုးဆောင်ရွက်မည်ဖြစ်ရာ အသင်းအဖွဲ့များဖွဲ့စည်း၍ လုပ်ငန်းအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ တောင်သူများလိုအပ်သော မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးစေလိုကြောင်း" ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်သမဝါယမ၊ စိုက်ပျိုးရေး၊ မြေစာရင်းဦးစီးဌာနတို့မှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အကျိုးတူပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ဆောင်းသီးနှံ ပဲတီစိမ်းစိုက်တောင်သူများကို တစ်ဧကလျင် ငွေကျပ်(၁.၂)သိန်း၊ အတိုး တစ်ရာခိုင်နှုန်းဖြင့် ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ လိုအပ်သော မျိုးကောင်းမျိုးသန့်များကိုလည်း စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ယခုအစီအစဉ်အရ စိုက်ပျိုးတောင်သူများအနေဖြင့် ထွက်ရှိသည့် သီးနှံများ၏ ဈေးနှုန်းနှင့် ဈေးကွက်ခိုင်မာသေချာမှု ရရှိစေနိုင်ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)