ပြည် ဩဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တာဝန်ရှိသူများ လိုက်ပါလျှက် ယနေ့နံနက်ပိုင်း က ပြည်မြို့ခေတ္တရာမြို့သစ်ရပ်ကွက်၌ ပြည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ အခြေခံလူတန်းစားများအတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
စားသုံးဆီများကို အခြေခံလူတန်းစားများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရောင်းချပေးရာတွင် သတ်မှတ်ရည်ညွှန်းဈေး တစ်ပိဿာ (၄၄၀၀)ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင် ၅၀ကျပ်သား ဘူးတစ်ဘူးစီနှင့် ဘူးအပါအဝင် တစ်ဘူးလျှင် (၂၂၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရပြီး အလားတူမြို့နယ်အတွင်း အခြေခံလူတန်းစားများရှိရာ ရပ်ကွက်/ကျေးရွာများအရောက် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း အဆိုပါပူးပေါင်းအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
ကိုစိုး(ပြည်)