ဘားအံမြို့၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ဘားအံ ဩဂုတ် ၂၄

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်များ၊ စာအုပ်စာပေဖတ်ရှုသည့် အလေ့အထကောင်းများပေါ်ပေါက်လာစေရန်နှင့် အားလပ်ချိန်များတွင် စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် အခြေခံပညာကျောင်းများ၊ သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များရှိ စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် အ-ထ-က(၁)၊ ပြည်နယ်စက်မှုကြီးကြပ်ဦးစီးဌာန၊ ပြည်နယ်စီမံကိန်းဦးစီးဌာန၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများသို့ စာအုပ်စာစောင်များ (၂၄၃)အုပ်အား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။

ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်ပေါင်း (၂၅၀၀)ခန့် တင်ဆောင်၍ သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများသို့ အခမဲ့ငှားရမ်းပေးရာတွင် E-Library Management System Software အသုံးပြု၍ Digital စနစ်ဖြင့် တနင်္လာနေ့မှ သောကြာနေ့အထိ ငှားရမ်းပေးလျက်ရှိပြီး စာဖတ်ပရိသတ်တစ်ဦးလျှင် (၂)အုပ်နှုန်းဖြင့် (၂)ပတ်အထိ ငှားရမ်းဖတ်ရှုပြီး (၂)ပတ်ပြည့်ပါက စာအုပ်အသစ်ဖြင့် လဲလှယ်ငှားရမ်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ နေ့စဉ်စာအုပ်စာစောင်အုပ်ရေ (၂၀၀)အုပ်ခန့် ငှားရမ်းပေးနိုင်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)