ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျုံပျော်ခရိုင် ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ

ကျုံပျော် ဩဂုတ် ၂၄

ကျေးရွာများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျုံပျော်ခရိုင်ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို အဆိုပါရုံး တည်ရှိရာ တေဇရပ်ကွက်၊ သောင်ရွာလမ်း၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ကျော်မိုးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလိန်းကွီးတို့က ခရိုင်ရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ခရိုင်ရုံးဆိုင်းဘုတ်အား အမွှေး နံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

ဖွင့်ပွဲ အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သိန်းစိုးဝင်း၊ အဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ အသီးသီး တက်ရောက်ခဲ့ကြကြောင်းနှင့် ယခု ကျုံပျော်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး တိုးချဲ့ဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကျုံပျော် ခရိုင်တွင် ပါဝင်‌သော ကျုံပျော်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်နှင့် ရေကြည်မြို့နယ်အတွင်းရှိ အဆိုပါဌာန၏ လုပ်ငန်းများ ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ပြီး ကျေးလက်နေပြည်သူများ၏ ဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များကို ပိုမိုထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက် ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရ သည်။

လပြည့်ဦး(ပြန်/ဆက်)