ဒေးဒရဲ သြဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးကော်မတီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း နိုင်ရေးနှင့် ပြည်သူများ တစ်ခါသုံးပလတ် စတစ်အိတ်များ လျော့နည်း သုံးစွဲစေရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းရနေ့အဖြစ် သတ်မှတ်ကြောင်း အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးဝဏ္ဏထွန်းနှင့် ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေး၊ အေဝမ်းစျေးနှင့် ပျံကျေးစျေးများရှိ စျေးရောင်းချသူများ အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းချပဲ အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာ စက္ကူများဖြင့်သာ ရောင်းချပေးနိုင်ရေး ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် အသိပေး ဆိုင်းဘုတ် များ စိုက်ထူခြင်း၊ လက်ကိုင်စပီကာများနှင့် ပြည်သူများ ပါဝင်ဆောင်ရွက်ပေးနိုင်ရေး လိုက်လံအသိပေး နှိုးဆော် လျက်ရှိကြောင်း သိရသည်။
အေဇာလင်း