ထားဝယ် စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ အောင်ဆွေဒဂုံလမ်းသွယ်တွင် ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က နေအိမ်(၇)လုံးမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောင်ဆွေဒဂုံလမ်းသွယ်နေ၊ အိမ်ပိုင်ရှင် ဒေါ်ပိုသန်း၏နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့်ထရံကာအား မီးကူးစက်လောင်ကျွမ်းခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းထွဋ်ဦး ဦးဆောင်၍ သန္ဓေ မီးသတ် တပ်ဖွဲ့ဝင်(၃၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀) ဦးနှင့် မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ် (၃)စီး၊ အထောက်အကူပြုယာဉ်(၁)စီးနှင့်အတူ ရဲတပ်ဖွဲ့၊ ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေး အဖွဲ့နှင့် ရပ်ကွက်သူ/ ရပ်ကွက်သားများတို့က ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန် ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် စုစုပေါင်းလူနေအိမ်(၇)လုံးမီးလောင်ကျွမ်းခဲ့ရာ မီးဘေးသင့်ပြည်သူ ကျား(၈)ဦး၊ မ(၁၁)ဦး စုစုပေါင်း(၁၉)ဦး မီးဘေးသင့်ခဲ့ပြီး မီးဘေးသင့်သူများအား တာဝန်ရှိသူများက နီးစပ်ရာ ဆွေမျိုးသားချင်းများ အိမ်တွင် နေရာချထားပေးခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ နေအိမ်ပိုင်ရှင်အား ထားဝယ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
(ထားဝယ်ခရိုင် ပြန်/ဆက်)