ဖျာပုံမြို့နယ်အမှတ် (၁၅)ရပ်ကွက်ရှိ လက်လုပ်လက်စား အိမ်ထောင်စုတစ်စုလျှင် အချွန်ဆန် (၂)ပြည်နှုန်းဖြင့် အိမ်ထောင်စု(၄၀၀)အား ထောက်ပံ့လှူဒါန်း

ဖျာပုံ သြဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အမှတ် (၁၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးမျိုးဆန်းဦး၊ ရပ်မိရပ်ဖများနှင့် အလှူရှင်များ စုပေါင်း၍ ရပ်ကွက်အတွင်းရှိ လက်လုပ်လက်စားပြည်သူများအား စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ အိမ်ထောင်စု တစ်စုလျှင် အချွန်ဆန်(၂)ပြည်နှုန်းဖြင့် အိမ်ထောင်စု (၄၀၀)စုအား ယမန်နေ့ ညနေပိုင်း အချိန်က အဆိုပါ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်လှူဒါန်းကြသည်။

အဆိုပါ လက်လုပ်လက်စား အိမ်ထောင်စုတစ်စုလျှင် အချွန်ဆန် (၂)ပြည်နှုန်းဖြင့် အိမ်ထောင်စု (၄၀၀)အား ထောက်ပံ့ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ဖျာပုံ​မြို့ အမှတ် (၁၅) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးမျိုးဆန်းဦးက ရပ်ကွက်အတွင်းရှိ လက်လုပ်လက်စားများအား ကုန်စျေးနှုန်း မြင့်မားမှုကြောင့် စားဝတ်နေရေး အဆင်ပြေစေရန်အတွက် မိမိတို့ရပ်ကွက် အတွင်းရှိ ရပ်မိရပ်ဖများနှင့် စေတနာရှင် အလှူရှင်များ စုပေါင်း၍ ယခုကဲ့သို့ လက်လုပ်လက်စား ပြည်သူများအား၊ အိမ်ထောင်စုတစ်စုလျှင် အချွန်ဆန်(၂)ပြည်နှုန်းဖြင့် အိမ်ထောင်စု (၄၀၀)စု လှူဒါန်းရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဖျာပုံမြို့နယ်အနေဖြင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဧရာဝတီတိုင်းဒေသကြီး ဒေသကော်မတီ(၅)နှင့် ဖျာပုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်ဆီလုပ်ငန်းရှင် များ ပူးပေါင်း၍ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဆန်နှင့်စားအုန်းဆီများ ဝယ်ယူနိုင်ရေးအတွက် အမှတ်(၃)ရပ် ကွက်၊ ဆန်စက်၊ ဆန်ကုန်သည်များအသင်းတွင် အချွန်ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်း နှင့် စားအုန်းဆီတစ်ပိဿာလျှင် (၅၃၀၀)ကျပ်နှုန်းဖြင့် နေ့ရက်အလိုက် ရောင်းချပေး လျက်ရှိ ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)