ပွင့်ဖြူ ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပရာတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်စေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ - ၆၆/၆) အချက်အလက်များကို e-ID စနစ်ဖြင့် Software Program နည်းပညာအသုံးပြု၍ Data Base ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ တစ်မြို့နယ်လုံး စာရင်းဖြည့်သွင်းဆောင်ရွက်ရမည့် အိမ်ထောင်စု ၃၆၉၀၀ စု ကို ယမန်နေ့က အောင်မြင်စွာ ဖြည့်သွင်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်လဝကဦးစီးမှူး ဦးညွန့်ဝင်းထူးထံက သိရသည်။
ပွင့်ဖြူမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ - ၆၆/၆) အချက်အလက်များကို e-ID စနစ်ဖြင့် Software Program နည်းပညာအသုံးပြု၍ Data Base ရေးသွင်းခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ဇူလိုင်(၁၈)ရက်နေ့မှ စပြီး နေ့စဉ် ရေးသွင်းဆောင်ရွက်ခဲ့ကြောင်း သိရပြီး ဩဂုတ် ၂၃ ရက်နေ့တွင် တစ်မြို့နယ်လုံး စာရင်းဖြည့်သွင်းရမည့် အိမ်ထောင်စု ၃၆၉၀၀ စုရှိရာတွင် အိမ်ထောင်စုပေါင်း ၃၆၉၁၂ စု ၊ လူဦးရေ ကျား/မ စုစုပေါင်း ၁၄၈၆၃၇ ဦး ဖြည့်သွင်းဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၁၀၀ ဒသမ ၀၃ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လဝကဦးစီးမှူး ဦးညွန့်ဝင်းထူးက ပြောသည်။ လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)