သရက် ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၁၆)နှစ်အောက် (၅)ခရိုင်အမျိုးသားဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ပထမဆုရရှိခဲ့သည့် သရက်ခရိုင်အသင်းအား ဂုဏ်ပြုပွဲနှင့်တံခွန်စိုက်ဖလား အပ်နှင်းခြင်းအခမ်းအနား ကျင်းပခြင်းကို ယမန်နေ့ညနေ (၄:၂၀)က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပထမဆုရရှိသည့် သရက်ခရိုင် အားကစားသမားများအား ဂုဏ်ပြုအမှာစကားပြောကြားပေးခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူးက ပြိုင်ပွဲအတွေ့အကြုံများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက် ပထမဆုရရှိသည့် တံခွန်စိုက်ဖလားအား ခရိုင်အားကစားမှူးနှင့် အသင်းနည်းပြများက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံပေးအပ်ပြီး ဆုရရှိသည့် သရက်ခရိုင်အသင်း အားကစားသမားများ အားခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စေတနာရှင်များမှ ငွေကျပ်(၅)သိန်း ချီးမြှင့်ပေးခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် သရက်ခရိုင်အသင်းမှ တံခွန်စိုက်ဖလားပထမဆု၊ ပွဲစဉ်တစ်လျောက်အကောင်းဆုံး အားကစားသမားဆု၊ ဂိုးသမားအကောင်းဆုံးဆုနှင့် နောက်တန်းအကောင်းဆုံးဆုများ ရရှိခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)