မကွေး ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ် အာဟာရ ရက်သတ္တပတ် လှုပ်ရှားမှုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ နှင့်နို့တိုက်မိခင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းကြီးသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မိခင်နှင့်ကလေးများ၏ ကျန်းမာရေး၊ ပညာရေးနှင့်လူနေမှုဘဝအဆင့်အတန်း မြင့်မားလာစေရေးအတွက် အထောက် အကူပြုဆောင်ရွက်နိုင်ရန် ဖွဲ့စည်ထားသော စေတနာ့ဝန်ထမ်းလူမှုရေးအဖွဲ့အစည်း တစ်ရပ် ဖြစ်ပြီး မိမိတို့တိုင်းဒေသကြီးအတွင်း၌ ခရိုင်အသင်း(၅)သင်း၊ မြို့နယ်အသင်း(၂၆)သင်းနှင့် အသင်းခွဲ(၄၆)သင်းဖြင့် ဖွဲ့စည်းထားပါကြောင်း၊ ယနေ့အခမ်းအနားသည် မိခင်နို့တိုက်ကျွေး ရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အခမ်းအနားဖြစ်ပြီး အာဟာရချို့တဲ့မှုနှင့် အာဟာရလွန်ကဲခြင်းသည် ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဓိက ရင်ဆိုင်နေရသော ပြဿနာတစ်ခုဖြစ်သည့်အပြင် ကလေးသူငယ်များနှင့် အမျိုးသမီးများတွင် အများဆုံးခံစားနေရပါကြောင်း၊ နိုင်ငံသားများအားလုံး၏ အာဟာရအခြေအနေ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့်ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခြေခံအုတ်မြစ်ဖြစ်သောကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ အာဟာရချို့တဲ့မှုပပျောက်ရေးလုပ်ငန်း၊ အာဟာရလွန်ကဲမှုပြဿနာများ ကာကွယ်ရေးနှင့် အာဟာရပြည့်ဝမျှတစွာ စားသုံးတတ်သည့် ဓလေ့များ ထွန်းကားလာရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိမိတို့ အနေဖြင့်လည်း ၂၀၂၂ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများကို အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင်အညီ အင်တိုက်အားတိုက် ဝိုင်းဝန်းကူညီ ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပက ကိုယ်ဝန်ဆောင်မိခင်နှင့်အာဟာရများအကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှုလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကလစ်အား ပြသ ခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက နှင့်တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များအား ဆေးစိမ်ခြင်ထောင်၊ အာဟာရဖြည့်စွက် အစားအစာများနှင့် ကိုယ်ဝန်ဆောင်မိခင်အားဆေးများ ထောက်ပံ့ပေးအပ်ခြင်း၊ နို့တိုက်မိခင် များအား ဗီတာမင်အေများတိုက်ကျွေးခြင်းနှင့် (၅)နှစ်အောက်ကလေးငယ်များအား အာဟာရဖြည့်စွက် အစားစာများနှင့်လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ကိုယ်ဝန် ဆောင်မိခင်နှင့် (၅)နှစ်အောက်ကလေးငယ်မျာအား အာဟာရပြည့်မျှတစွာ စားသောက်တတ် စေရန် ချက်ပြုတ်သရုပ်ပြသခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)