ကသာ ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကသာမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ မြစေတီဘုရားအနီး၌ ဩဂုတ်လ ယနေ့ နံနက် (၉)နာရီအချိန်က ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ငါးလုပ်ငန်းဦးစီးဌာနမှ သား/ငါး ပေါများစေရန် ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်း၊ မျိုးသန့်များ ရေရှည်တည်တံ့ပြန်ပွားစေရန် ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန်၊ ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်မှန်၍ ငါးမျိုးစိုက်ထည့်ဆောင်ရွက်ခြင်းဖြစ်ပြီး ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထွန်းလှအောင်နှင့် ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင် ငါးမျိုးစိုက်ထည့်ရေးကြီးကြပ်မှုကော်မတီဥကဋ္ဌနှင့် အဖွဲ့ဝင်များ၊ NGO အဖွဲ့အစည်းများ၊ အင်းသားကြီးများနှင့် ရေလုပ်သားများမှ အင်ကြင်းကုန်းငါးလုပ်ငန်းစခန်းမှ နှစ်လက်မအရွယ် ငါးသားပေါက် ငါးမြစ်ချင်းကောင်ရေ (၂၀၀၀၀၀)နှင့် ထိုင်းငါးခုံမကြီးကောင်ရေ(၁၅၀၀၀၀)၊ စုစုပေါင်းငါးသားပေါက်ကောင်ရေ (၃၅၀၀၀၀)တို့ကို ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)