ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ သြဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်ဌာနဆိုင်ရာများ  တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ရပ်ရွာအေးချမ်း သာယာရေးအတွက် လုံခြုံရေးအထူးဂရုပြုကြရန်၊ မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းညှိနှိုင်း၍ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် သွားရန်၊ ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကျေးလက်မီးလင်းရေးလုပ်ငန်း များအား အချိန်မီပြီးစီးရေး အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ပြီး တက်ရောက်လာသော ဌာန ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့​ဖြိုးရေးလုပ်ငန်းများဖြစ်သော အကျိုးတူ လယ်ယာစနစ်ဖြင့် နွေစပါးသီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ချေးငွေများ ထုတ်ချေးပေးမည့် အခြေအနေများ၊ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖွံဖြိုးရေးနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပြည်သူများ တင်ပြလာသော အခက်အခဲများအား သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက် ပေးမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း