နတ်မောက်မြို့နယ်၌ မိုးစပါးများ ပိုးမွှားရောဂါကာကွယ်ရေး ကပ်ပါးနကျယ်ကောင်များ စုပေါင်းလွှတ်ပေး

နတ်မောက် ဩဂုတ် ၂၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်ခင်းများတွင် စပါးအဆစ်ပိုးကျရောက်မှုမှ ကြိုတင်ကာကွယ်ရေးအတွက် ဇီ၀သက်ရှိကပ်ပါး နကျယ်ကောင်များ စုပေါင်းလွှတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မကွင်းတွင် ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိမှ တက်ရောက်လာကြသည့် တောင်သူများအား နည်းပညာဆိုင်ရာအချက်အလက်များကို ဆွေးနွေးပြီး ပိုးမွှားကာကွယ်ရေး အတွက် တောင်သူများနှင့်အတူ ဇီ၀သက်ရှိကပ်ပါးနကျယ်ကောင်များလွှတ်ပေးခဲ့သည်။ အဆိုပါ ဇီ၀သက်ရှိကပ်ပါးနကျယ်ကောင်များအား အင်းကုန်းကျေးရွာ၊ ပ/လက်ခုပ်ပင်ကျေးရွာ၊ ပ/ဂွေးချိုကျေးရွာနှင့် ကျောက်တံခါးကျေးရွာများရှိ မိုးစပါး စိုက်ခင်းများတွင် စပါးအဆစ်ပိုး ကျရောက်မှုမှ ကြိုတင်ကာကွယ်ရေးအတွက် ဇီ၀သက်ရှိ ကပ်ပါးနကျယ်ကောင်များအား တစ်ဧကလျင်ကတ်(၂၀)ဖြင့် တစ်အုပ်စုလျှင် (၂)ဧကတို့အား စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများက သွားရောက်လွှတ်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း