ကြံခင်း ဩဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင် ပြင်ဆင်ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအချက်များကော်မတီ၏ လုပ်ငန်းဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်က သဘာဝဘေး ဖြစ်ပေါ်လျှင် ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းဆိုင်ရာများ၊ ရေကြီး၊ ရေလျှံဖြစ်ပွားလျှင် ကူညီကယ်ဆယ်ရေး တပ်စု ဖွဲ့စည်းထားရှိခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြပြီးနောက် မြို့နယ်လူမှုဝန်ထမ်း ဦးစီးအရာရှိ ဒေါ်သီတာဦးမှ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင် ထိခိုက်ပျက်စီးဆုံးရှုံးမှု စာရင်းများ အချိန်နှင့်တပြေးညီရရှိရေး၊ ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အဆိုပါ တင်ပြချက်များအပေါ် တက်ရောက်လာကြသော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များက လုပ်ငန်းများနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)