ဇီးကုန်း စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးနှင့် ကာကွယ်နိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ရထားဘူတာနှင့် ကားဂိတ်များတွင် မြို့နယ်အတွင်းပြန်လည် ဝင်ရောက်လာသူများကို စိစစ်စစ်ဆေး၍ Facility Quarantine များတွင် သီးခြားနေထိုင်စေလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးနှင့် ကာကွယ်နိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင် များနှင့် စေတနာ့ဝန်ထမ်း အဖွဲ့များက ရထားဘူတာနှင့် ကားဂိတ်များတွင် အလှည့်ကျစောင့်ကြည့်စစ်ဆေး၍ မြို့နယ်အတွင်းပြန်လည်ဝင်ရောက်လာသော ပြန်တော်ပြန် များ၊ ရောဂါကူးစက်မှုဖြစ်ပေါ်နေသော တိုင်းဒေသကြီး ပြည်နယ်တို့မှ ဝင်ရောက်လာသူများကို ခရီသွားရာဇဝင်မေးမြန်း၍ မှတ်တမ်းရေးမှတ်ပြီး သီးခြားစောင့်ကြည့်နေရာများတွင် (၁၄)ရက်ထားရှိကာ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးလျှက်ရှိသည်။
ဇီးကုန်းမြို့နယ်တွင် မြို့နယ်အားကစားကွင်းခန်းမဆောင်၊ ကြက်ခြေနီရုံးနှင့် အထက(ဇီးကုန်း)တို့တွင် သီးခြားစောင့်ကြည့်နေရာ (၃)ခုစီစဉ် ဆောင်ရွက်ပြီး၊ ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် သီးခြားစောင့်ကြည့်နေရာများ စီစဉ်ဆောင်ရွက်ထားရှိကြောင်း နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ နေ့စဉ်ကျန်းမာရေးစစ်ဆေးမှု များပြုလုပ်ပြီး၊ နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများရယူ၍ အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာနသို့ပေးပို့စစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိပြီး ယနေ့အထိ မြို့နယ်အတွင်း ရောဂါကူးစက်မှု မတွေ့ရှိသေးကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)