ကျုံပျော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ ခရိုင်ရုံးဆိုင်းဘုတ်တင်ပွဲနှင့် ခရိုင်ရုံးဖွင့်ပွဲ အခမ်းအနားကျင်းပ

ကျုံပျော် ဩဂုတ် ၂၄

ငါးသယံဇာတလုပ်ငန်းများ ပိုမိုဖြစ်ထွန်းစွာ ဆောင်ရွက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ ခရိုင်ရုံး ဆိုင်းဘုတ်တင်ပွဲနှင့် ခရိုင်ရုံးဖွင့်ပွဲ အခမ်းအနားကို ခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံး တည်ရှိရာ တေဇရပ်ကွက်၊ သောင်ရွာလမ်း၌ ယနေ့ နံနက် ၇ နာရီခွဲ အချိန်က ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲတွင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးမြသိန်းက မိမိတို့ဌာနအနေဖြင့် တိုင်းပြည် အတွက် ပြည်တွင်း၊ ပြည်ပဝင်ငွေများစွာကို ရှာဖွေပေးလျက်ရှိကြောင်း၊ ငါးလုပ်ငန်းနှင့် ပတ်သက်သည့် အသက် မွေးဝမ်းကျောင်းမှု၊ စား‌သောက်ကုန်လုပ်ငန်းများကိုလည်း ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ငါးသယံဇာတ ပေါကြွယ်ဝရေးအတွက် သဘာဝရေပြင် အင်းချောင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း များကို နှစ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုခရိုင်ရုံးအဆင့် တိုးမြှင့်လိုက်သည့်အတွက် ဌာန လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပြီး  ပိုမိုအဆင်ပြေလာမည်ဟု ယုံကြည်ပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးမြသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ကျော်မိုးတို့က ခရိုင်ရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ခရိုင်ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ စုပေါင်းဆိုင်းဘုတ်တင်ခဲ့ကြသည်။

ဖွင့်ပွဲ အခမ်းအနားသို့ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊  ကျုံပျော်၊ ရေကြည်နှင့် ကျောင်းကုန်းမြို့နယ်တို့မှ ငါးလုပ်ငန်းဦးစီးဌာနမှူးများနှင့် ဝန်ထမ်းများ အသီးသီး တက်ရောက် ခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် အင်းအိုင်ပေါင်း(၁၇၇၇)အင်း၊ ပိုက်ချက်ပေါင်း (၂၀၆၆)ခုဖြင့် ဝင်ငွေ တစ်နှစ်လျှင် ကျပ်သိန်းပေါင်း (၇)သောင်းကျော် ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)