တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်း သဘာဝဘေး ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ပုသိမ် သြဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ငပုတောမြို့နယ်၊ ငရုပ်ကောင်းမြို့၊ လမ်းဦးစီးဌာန ရိပ်သာ၌ ကွင်းဘတ်ကျွေးရွာအုပ်စုတွင် မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျချောင်းရေ စီးဆင်းမှုကြောင့် နေအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းများအား ဘေးသင့်အိမ်ထောင်စုများကိုယ်စား ငရုပ်ကောင်းမြို့အုပ်ချုပ်ရေးမှူးထံ ပေးအပ် ခဲ့သည်။

ထို့နောက် ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာ သို့သွားရောက်၍ ယခုလ ၂၁ ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေစီးဆင်းမှုကြောင့် ဇီးချိုင်ကျေးရွာ တံတား ချဉ်းကပ်လမ်း ပျက်စီးပြိုကျခဲ့မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနများမှ ပြန်လည် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်စေရေးနှင့် အမြန်ဆုံးပြင်ဆင်၍ ယာယီသွားလာနိုင်ရေးဆောက်ရွက်ရန်၊ တံတားသစ်ဆောက်လုပ် နိုင်မည့် မြေနေရာရှာဖွေရန် မှာကြားသည်။

ဆက်လက်၍ ဇီးချိုင်ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ် ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကာ တံတားတည်ဆောက်နိုင်မည့် အခြေအနေများ လျှောက်ထား တင်ပြခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျချောင်းရေ စီးဆင်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်ကာ ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများနှင့် ကယ်ဆယ်ရေးပစ္စည်းများအား  ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဇီးချိုင်အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ခဲ့၍ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ပြီး ကျောင်းတက်ရောက်မှုများ၊ ပညာသင်ကြားမှုများ မေးမြန်းခဲ့ကာ ကျောင်းသုံး ပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ဟိုင်းကြီးအခြေခံပညာ အထက်တန်း ကျောင်း၌ မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် နေအိမ်ပျက်စီး ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်၍ ထောက်ပံ့ငွေ များ၊ စားသောက်ဖွယ်ရာများ၊ ကယ်ဆယ်ရေးပစ္စည်းတို့ကို ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ရာ ဒေသခံ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ပြီး ကျောင်းတက်ရောက်မှုများ၊ ပညာသင်ကြားမှုများ မေးမြန်းခဲ့ကာ ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်စေရေး၊ ကျောင်းနေမြဲစေရေး၊ အမှန်တကယ် စာတတ်မြောက်စေရေး လေ့ကျင့် သင်ကြားပေးရန် မှာကြားခဲ့ပြီး ကျောင်းသုံးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။  ငပုတောမြို့နယ်တွင် ငရုပ်ကောင်းမြို့နှင့် ဟိုင်းကြီးကျွန်းမြို့များရှိ ကျေးရွာ အုပ်စု (၅)စု၊ ကျေးရွာ (၈)ရွာ၊ ဘေးသင့်အိမ်ထောင်စု ၇၀ တို့အတွက် ဆန်ရိက္ခါ၊ အိမ်ဆောက်ပစ္စည်း၊ ကယ်ဆယ်ရေး ပစ္စည်းများ၊ ထောက်ပံငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖောင်ဒိုး- ပုသိမ်- မော်တင်ကားလမ်း ၂ မိုင်/ ၃ မိုင်ကြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြို၍ ကားလမ်း ပိတ်ဆို့ နေမှုအား စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန်ဆုံး လမ်းကြောင်းဖွင့်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)