သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများဆက်လက်ထုတ်ပေး

သရက်ချောင်း သြဂုတ် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူလယ်သမားများအား ၂၀၂၂-ခုနှစ် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းကစတင်၍ ကနက်သီရိကျေးရွာ၊ ဂုံညှင်းဆိပ်ကျေးရွာ၊ အိမ်ရှေ့ပြင်ကျေးရွာ၊ ကမြိုင်ကျေးရွာ၊ ရေချိုချောင်းကျေးရွာ၊ ကဇိတံတားဦးကျေးရွာနှင့် ရန်တောင်ကျေးရွာ၊ မော်ရှည်ကုန်းရပ်ကွက်နှင့် ကျောက်မြောင်းရပ်ကွက်များရှိ တောင်သူများအတွက် အဆိုပါ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး သရက်ချောင်းမြို့နယ်အတွင်းရှိ ကနက်သီရိကျေးရွာ၊ ဂုံညှင်းဆိပ်ကျေးရွာ၊ အိမ်ရှေ့ပြင်ကျေးရွာ၊ ကမြိုင်ကျေးရွာ၊ ရေချိုချောင်းကျေးရွာ၊ ကဇိတံတားဦးကျေးရွာနှင့် ရန်တောင်ကျေးရွာ၊ မော်ရှည်ကုန်းရပ်ကွက်နှင့် ကျောက်မြောင်းရပ်ကွက်များရှိ တောင်သူ(၁၃၄)ဦးအတွက် တစ်ဧကလျှင် ၁ သိန်းခွဲနှုန်းဖြင့် စပါးစိုက်(၇၉၈)ဧကအတွက် ချေးငွေကျပ် (၁၁၉၇၀၀၀၀၀) သိန်းကို ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့်ကျေးရွာပေါင်း(၃၄)ရွာကို စိုက်ပျိုးစရိတ်ထုတ်ချေးပေးရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုလအထိကျေးရွာ(၂၆)ရွာကို ထုတ်ချေးပေးနိုင်ခဲ့ပြီး ကျန်ရှိနေသောကျေးရွာများကိုလည်း စိုက်ပျိုးစရိတ်ထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်အေးသီတာထံမှ သိရသည်။

နန်းခလိုက် (သရက်ချောင်း)