ဘားအံ ဩဂုတ် ၂၄
နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က ကရင်ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပသည်။
ထပ်ဆင့်ရှင်းလင်းပွဲတွင် ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက အမှုများကြန့်ကြာမှုမရှိစေဘဲ ဥပဒေနှင့်အညီ မျှတမှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ အုပ်ချုပ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ခရိုင်များထပ်မံတိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့သည့်အတွက် တိုးချဲ့ခရိုင်များတွင် တရားစီရင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန်၊ တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို တရားရုံးများတွင် ကျင့်သုံးဆောင်ရွက်နေကြပြီဖြစ်၍ စေ့စပ်ဖြေရှင်းရေးလုပ်ထုံးလုပ်နည်းများ မှန်ကန်စွာဆောင်ရွက်နိုင်ရေးအတွက် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးလက်စွဲကို လိုက်နာကျင့်သုံးဆောင်ရွက်ကြရန်၊ နိုင်ငံခြားသားတရားခံပါဝင်သော ရာဇဝတ်မှုများ ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန်စစ်ဆေးစီရင်ရန်၊ ငွေကြေးခဝါချမှုနှင့်သက်ဆိုင်စပ်ဆိုင်သည့် ပြစ်မှုများအား စစ်ဆေးစီရင်စီမံခန့်ခွဲရာတွင် နိုင်ငံတော်၏လုပ်ငန်းစဉ်များအား အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ ယခုနှစ်သည် မဟာဗျူဟာစီမံကိန်း(၂၀၁၈-၂၀၂၂)ခုနှစ်၏ ပဥ္စမနှစ်(နောက်ဆုံးနှစ်)ဖြစ်၍ သတ်မှတ်ချက်အတိုင်းလုပ်ငန်းအစီအစဉ် အားလုံးအောင်မြင်စေရန် အကောင်အထည်ဖော်ရမည်ဖြစ်၍ ကြိုးပမ်းဆောင်ရွက်သွားကြရန် အစရှိသည့် လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားသည်။
အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း(၂၄)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)