ဗန်းမောက် စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ဗန်းမောက်-ဝန်းသိုလမ်းပိုင်း၌တည်ရှိသော ပေ(၁၈၀)အရှည်ရှိ အောင်သာကုန်း ချောင်းကူး (၁၈၀)ပေတံတား (၉၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ယနေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဗန်းမောက်-ဝန်းသိုလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားအရှည် (၁၈၀)ပေ၊ အကျယ်(၁၉)ပေ ဖြင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၄၂၁ ဒသမ ၂၅)သန်းဖြင့် ဆောင်ရွကခဲ့ရာ (၉၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး တံတား အပေါ်ထည် တံချည်တံကွေးဆောင်ရွက်ပြီးစီးမှုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးမင်း၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ(၂) ဦးရဲသူနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ အရည်အသွေးပြည့်မီစွာဆောင်ရွက်ထားခြင်းရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သတ်မှတ်ချိန်ကာလအတွင်း ဆောင်ရွက်သွားကြရန်နှင့် လိုအပ်လျက်ရှိသည်များကိုလည်း မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားတည်ဆောက်ပြီးစီးသွားပါက ဗန်းမောက်မြို့နယ် မံကပ်ဒေသစိတ်အတွင်းရှိ ကျေးရွာအုပ်စု (၉) အုပ်စုရှိပြီး ကျေးရွာပေါင်း(၄၁)ရွာမှ ပြည်သူများအတွက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အစရှိသည်များ ဖွံ့ဖြိုးတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၏ ပြောကြားချက်အရ သိရသည်။
ကျော်စွာ(ဗန်းမောက်)