ရွှေကျင် ဩဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် မကျည်းတန်းရပ်ကွက်အတွင်းရှိ ရွှေကျင်မူလတန်းကြိုကျောင်းမှ ကလေးငယ်များအား ကျောင်းတူညီဝတ်စုံများ အခမဲ့ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲ အချိန်မှစတင်၍ ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရွှေကျင်မူလတန်းကြိုကျောင်းတွင် မူလတန်းကြိုကလေးငယ် (၈၀)ဦး တက်ရောက်လျက်ရှိပြီး အဆိုပါ ကလေးငယ်များအား ဆရာ/ဆရာမများက ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေးစိတ်ခံစားမှု၊ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရေးအတွက် စနစ်တကျပြုစုပျိုးထောင်သင်ကြားရာတွင် ကစားခြင်းဖြင့်သင်ကြားနည်း၊ တေးဂီတဖြင့် သင်ကြားနည်း၊ အခြေခံပန်းချီဖြင့်သင်ကြားနည်း၊ လက်မှုပညာဖြင့် သင်ကြားနည်းများဖြင့် သင်ကြားပို့ချပေးလျက်ရှိပြီး ကလေးငယ်များ ကျောင်းတက်ရာတွင် တူညီဝတ်စုံများဖြစ်စေရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးငယ်တစ်ဦးလျှင် ကျောင်းတူညီဝတ်စုံ (၂)စုံ အခမဲ့ပေးအပ်ခဲ့ကြောင်း ရွှေကျင်မူလတန်းကြိကျောင်း အုပ်ဆရာမကြီး ဒေါ်ရွှေဝတ်ရည်ဝင်းထံမှ သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)