စလင်း စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၌ မိုဘိုင်းလုပ်ငန်းရှင်များစုပေါင်း၍ Mask နှင့် Face Shield များ ဒုတိယအကြိမ် အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်က မြို့ပေါ်ရှိ လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့ကြသည်။
ပြည်တွင်းကူးစက်မှုနှုန်းများပြားလာသည့်အတွက် စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တစ်ဦးနှင့်တစ်ဦး ကူးစက်ပျံ့နှံ့မှု မရှိစေရန်ရည်ရွယ်၍ လူသွားလူလာများသော နေရာများတွင် Mask နှင့် Face Shield တို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြို့နေ ပြည်သူများ စနစ်တကျအသုံးပြုနိုင်စေရန် အသိပညာပေးသီချင်းများဖွင့်၍ ဒုတိယအကြိမ် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း မိုဘိုင်းလုပ်ငန်းရှင် ဦးလှဘုန်းသန်းက ရှင်းလင်းပြောကြားသည်။
ထိုသို့ဖြန့်ဝေပေးရာတွင် Mask အခုရေ(၂၀၀၀) နှင့် Face Shield အခုရေ(၂၀၀၀) တို့ကို မိုဘိုင်းလုပ်ငန်းရှင်များစုပေါင်း၍ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မောင်လွင်(ပြန်/ဆက်)