ဖျာပုံခရိုင်ရုံး (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောခြင်း၊ စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ဖျာပုံ သြဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ကာယဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပြီး ကျန်းမာပျော်ရွှင်သော အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲ ကျင်းပရာတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စမ်းစမ်းအေးက ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကျောင်းစာအပြင် အခြားဗဟုသုတ ရရှိနိုင်သော စာအုပ်စာပေများကို လေ့လာဖတ်ရှုကြခြင်းအားဖြင့် အသိပညာဗဟုသုတများ တိုးပွားလာမည်ဖြစ် ကြောင်း အသိပညာပေး ဟောပြောသည်။ ထို့နောက် အ​​ခြေခံပညာ မူလတန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူကလေးများက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲအား ပါဝင်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင် ဆုရရှိ ကြသော ကျောင်းသား၊ ကျောင်းသူများအား ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲ ပြသဆောင်ရွက်ကြရာ ကျောင်းသား၊ ကျောင်းသူများက ပါဝင်လေ့လာ ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)