ကျောင်းကုန်းမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကျောင်းကုန်း ဩဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီးကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အစုကြီးကျေးရွာ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ.ထ.က အစုကြီးကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က လူမှုဘဝမြှင့်တင်ဖို့ စာပေဖတ်ရှုကြပါစို့ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးတင်ကိုက  စားသုံးသူအခွင့် အရေးနှင့် ကုန်ညွှန်းအမှတ်အသားအကြောင်း ပြောကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး (ကာယ) ဒေါ်ခင်သူဇာစုက ကာယဆိုတာ ခေါင်း၊ခါး၊ ကိုယ်၊ လက် လှုပ်ရှား ခြင်းဟု ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဦးထွန်းထွန်းဝင်းက အားကစားအမျိုးအစား (၄)မျိုးရှိကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင် သန်စွမ်းစေရန်အတွက် အား/ကာဦးစီးဌာနမှ အ.ထ.က အစုကြီးကျောင်းသို့ ဘောလုံး၊ ဘော်လီဘော၊ ခြင်းလုံး (၁)လုံးစီပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)