ညောင်လေးပင် ဩဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ခရိုင်ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ကြီးမှူး၍ ယနေ့ နံနက် (၈:၀၀) နာရီအချိန် က ဟုတ်လင်ကွမ်အင်းတရုတ်ဘုံကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပထမဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရ တိုင်းရင်းသားရေးရာဝန်ကြီးက မင်္ဂလာဖားစည် (၉)ချက်တီးကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားသည် ကရင်တိုင်းရင်းသားများ၏ အလေးအနက်ထားသည့် မင်္ဂလာရှိသည့်ပွဲ ဖြစ်သည်နှင့်အညီ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအရ ထိန်းသိမ်းလာခဲ့ကြသည့်ပွဲဖြစ်ပါကြောင်း၊ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသည် ကွဲကွာနေကြသည့် ဆွေမျိုးများ၊ မိသားစုများ ပြည်လည်ဆုံတွေ့ကြရန်၊ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုများနှင့် တစ်ဦးကိုတစ်ဦး ကူညီစောင့်ရှောက်ကြရန်၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဝတ်စားဆင်ယင်မှုများ မပျောက်ကွယ်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပသည့် ပွဲဖြစ်ပါကြောင်း၊ ကရင်တိုင်းရင်းသားများသည် ဘာသာရေးနှင့် ရိုးရာဓလေ့ပွဲတော်များကို အချိန်ရာသီအလိုက် ကျင်းပလေ့ရှိပြီး ယခုကျင်းပသည့် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာကို ရှေးဘိုးဘွားများက ထိန်းသိမ်းလာခဲ့ကြသလို နောင်လာနောက်သား ကရင်လူငယ်များကလည်း ထိန်းသိမ်းစောင့်ရှောက်သွားကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းရင်းသားရေးရာဝန်ကြီးဌာန အနေဖြင့် တိုင်းရင်းသားလူမျိုးများ အားလုံးတန်းတူညီမျှသည့် နိုင်ငံသားအခွင့်အရေးများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တိုင်းရင်းသားများ၏အခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ တိုင်းရင်းသားများအချင်းချင်း စည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်းများ၊ သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးနေသည့်ဒေသများရှိ တိုင်းရင်းသားများ၏ ပညာရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေး စသည်တို့ကို လုပ်ငန်းစဉ်များချမှတ်ကာ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးမှ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် လူမျိုးတစ်မျိုး တည်တံ့ဖို့အတွက် ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု စသည်တို့ မပျောက်ကွယ်ရေးသည် အသက်သွေးကြောတစ်ဖွယ် အလွန်အရေးကြီး လှပါကြောင်း၊ စာပေနှင့်ဘာသာစကားပျောက်လျှင် လူမျိုးပါ ပျောက်ကွယ်သွားမည်ဖြစ်ပါကြောင်း၊ ကရင်တိုင်းရင်းသားတို့၏ ရှေးယခင်ကတည်းက ကောင်းမွန်သောအစဉ်အလာဖြင့် ထိန်းသိမ်းလာသည့် ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားအား မပျောက်ပျက်သွားအောင် ထိန်းသိမ်းကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူတစ်ဦး က ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များအား ကရင်ရိုးရာ ဒုံးယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။
၎င်းနောက် ကရင်အဘိုးအဘွားများက ဧည့်သည်တော်ကြီးများ၊ လူငယ်မောင်မယ်များ၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအား ချည်ဖြူဖွဲ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)