ကျုံပျော်မြို့ အားကစားနှင့်ကာယပညာဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများကို အားကစားဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ‌

ကျုံပျော် ဩဂုတ် ၂၃

"ကိုယ်ခံစွမ်းအားမြှင့်တင်ရေး အားကစားပုံမှန်လှုပ်ရှားပေး" ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းသားလူငယ်များ အားကစားလိုက်စားကာ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ အားကစားနှင့် ကာယပညာဦးစီးဌာနက အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အင်းမအခြေခံပညာ အလယ်တန်းကျောင်းနှင့် အင်းရဲ အထက်တန်းကျောင်းတို့တွင် ဩဂုတ် ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ အင်းမအခြေခံပညာအလယ်တန်း‌ကျောင်းတွင် ကျောင်းသားလူငယ်များအား မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူး ဒေါ်ငြိမ်းစန္ဒာမိုးက "လူငယ်နှင့် ခေါင်းဆောင်မှု၊ လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်" အားကစားဆိုင်ရာ အသိပညာပေးဟောပြောပြီး အင်းမ အ.လ.က၏ ကျောင်းကောင်စီ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ပူးပေါင်းဖွင့်လှစ်ပေးကာ၊  ကျောင်းအုပ်ဆရာကြီးထံသို့ အားကစား ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် အင်းရဲအခြေခံပညာ အထက်တန်းကျောင်းသို့ ဆက်လက် သွားရောက်ပြီး အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ရာ ဦးစီးမှူး ဒေါ်ငြိမ်းစန္ဒာမိုးက ကျောင်းသားလူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးစေရေး အတွက် ငယ်စဉ်ကပင် ဆောင်ရွက်တတ်ဖို့လိုအပ်ကြောင်း၊ ကျောင်းစာသင်ကြားရင်းဖြင့် ကျန်းမာ‌ရေးအတွက် အားကစားပါ တွဲဘက်ပြုလုပ် တတ်‌စေလိုကြောင်း၊ ထို့အပြင် လူကြီးလူငယ်မ‌ရွေး နေ့စဉ်လုပ်ငန်းများ ဆောင်ရွက်ရင်းဖြင့် အားကစားကိုလည်း တွဲဘက်ပြုလုပ်ခြင်းဖြင့် နာမကျန်းဖြစ်ခြင်း၊ ဆေးဝါးကုသမှုမှ ကင်းဝေးခြင်းနှင့် မိမိနှင့်တကွ မိသားစုအားလုံးပါ ပျော်ရွှင်မှုရနိုင်ကြောင်း၊ စသည့်ကျန်းမာရေး အကျိုး ကျေးဇူးများနှင့် နိုင်ငံဂုဏ်ဆောင် အားကစားသမားများအဖြစ် လေ့ကျင့်ပေးနေမှုများကိုပါ သိရှိနိုင်စေရန် ဟောပြောခဲ့သည်။

ဆက်လက်၍  အားကစားမြှင့်တင်‌ရေး ရည်ရွယ်ချက်ဖြင့် Fitness Dance အကဖြင့်  သရုပ်ပြ ကပြတင်ဆက်ကာ၊ နေ့စဉ်လွယ်ကူစွာ ဆောင်ရွက် နိုင်သည့် ကိုယ်လက်ကျန်းမာ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို  ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ပူးပေါင်းလေ့ကျင့်ပြသခဲ့ကြောင်း သိရ သည်။

ထို့နောက် ကျောင်းတွင် အသုံးပြုရန် အားကစား အထောက်အကူပြုပစ္စည်းများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းအေးထံသို့  လွှဲပြောင်း ပေးအပ်ခဲ့ပြီး အဆိုပါ ဟောပြောပွဲများသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူ များ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)