ပေါက်ခေါင်း ဩဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အစားအစာများ ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူနိုင်ရန်ရည်ရွယ်၍ စာသင်ကျောင်း အခြေပြု စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နေ့လယ် ၁ နာရီက ပေါက်ခေါင်းမြို့ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ) အမှတ်(၁)တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ထွန်း က ဌာန၏လုပ်ငန်းများအား ဦးစွာမိတ်ဆက်ပြောကြားပြီး၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ကျောင်းသား/ကျောင်းသူများအား မုန့်ဈေးဆိုင်များတွင် ရောင်းချသည့် ဝယ်ယူစားသုံးရန်မသင့်တော်သည့် အစားအစာများ၊ စတင်ထုတ်လုပ်သည့်ရက်စွဲနှင့် ကုန်ဆုံးမည့်ရက်စွဲမပါရှိသည့် မုန့်ထုတ်များ၊ သတ်မှတ်ရက်လွန် အစားအစာများနှင့် စားသုံးသူများကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင်သိရှိရမည့် အခွင့်အရေးများကို အသိပညာပေးဟောပြောခဲ့ပြီး၊ စားသုံးသူအခွင့်အရေးဆုံးရှုံးမှုများ ရှိခဲ့ပါက တိုင်ကြားနိုင်မည့် နည်းလမ်းများကို ပြောကြားခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)